၁၄ ဇွန် 

 

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း Gilgit-Baltistan ဒေသ ကွဲပြားခြားနားသော နေရာများတွင်  မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးကာ လူသုံးဦး သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း ဒေသန္တရ တာဝန်ရှိသူများနှင့် ဒေသခံမီဒီယာ က ယမန်နေ့က ပြောကြားခဲ့သည်။

 

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးခြင်းတို့ကြောင့် နာဂါ ၊ စကာဒူနှင့် ရှီဂါ ခရိုင်ဒေသများ အပါအဝင် အမျိုးမျိုးသော ဒေသများတွင် ကောက်ပဲသီးနှံများ ၊ မွေးမြူရေးနှင့် ယာဉ်လုပ်ငန်းများ ရေစီး၌ပါသွားပြီး နေအိမ်များ အများအပြား ပျက်စီးခဲ့ကြောင်း သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

 

အဆိုပါ မိုးရွာသွန်းခြင်းကြောင့် ပြီးခဲ့သည့် ၂၄ နာရီအတွင်း နေအိမ် အလုံး ၁၀ဝ ကျော် လုံးဝ ပျက်စီးခဲ့ကြောင်း ထိုအာဏာပိုင်များ ထုတ်ပြန်ထားသော ကနဦး အချက်အလက်တွင် ဖော်ပြထားသည်။

 

ပြီးခဲ့သည့် နှစ်ရက်စလုံး မိုးအဆက်မပြတ်ရွာသွန်းကာ မြေပြိုမှုများ ဖြစ်ပွားသောကြောင့် အပျက်အစီးများနှင့်  လမ်းများအားလုံး ပိတ်ဆို့ခဲ့ရာ အခြားဒေသများနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း ယင်းတာဝန်ရှိသူများက ထပ်လောင်းပြောကြားခဲ့သည်။

 

ပါကစ္စတန် မိုးလေဝသဌာနက ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆင်းရှ် ပြည်နယ်အတွက် အပူလှိုင်းနှင့် အပူပိုင်းဆိုင်ကလုန်း “Vayu” နှင့်စပ်လျဉ်းပြီး  အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားကြောင်း ဒေသထုတ်ပြန်ချက်တွင် ယမန်နေ့က ပြောကြားထားသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို