ဇူလိုင် ၁၀

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် ဂျေဟီလမ်ခရိုင်ရှိဟိုတယ်တစ်လုံးတွင် ယမန်နေ့က အားကောင်းသော ဓါတ်ငွေ့ရည်အိုး ပေါက်ကွဲမှုကြောင့် လူငါးဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၂၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားသည်။

အဆိုပါပေါက်ကွဲမှုသည် ဂျီတီလမ်းပေါ်ရှိ အတ်ဂဟာဟိုတယ်တွင် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုအပျက်အစီးများအောက်တွင် လူပေါင်းများစွာပိတ်မိနေကြောင်း ကယ်ဆယ်ရေးအဖွဲ့ကပြောကြားသည်။ ပေါက်ကွဲမှုသတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးလုပ်သားများသည် ထိုနေရာသို့ရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

ပိတ်မိနေသူအားလုံးကို ကယ်ဆယ်ခဲ့သည့် ကယ်ဆယ်ရေးလုပ်ငန်းသည် နာရီအနည်းငယ်အတွင်းမှာပင် လုပ်ဆောင်ပြီးစီးခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူအများစုသည် စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်း ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို