စက်တင်ဘာ ၉
ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၂ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးဆိုင်ရာတာဝန်ရှိသူများ( အင်န်ဒီအမ်အေ )က ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် ရေကြီးရေလျှံမှုနှင့်ဆက်စပ်သည့်မတော်တဆမှုများကြောင်း ကလေး ခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု စက်တင်ဘာ ၇ ရက်ညပိုင်းက သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတောင်ပိုင်းဆင်းဒ်ပြည်နယ်သည် ရေဘေးသင့်မှုအဆိုးရွားဆုံးဒေသဖြစ်ပြီး သေဆုံးသူ ခြောက်ဦးရှိကြောင်း၊ အနောက်တောင်ပိုင်း ဘာလိုချီစတန်တွင် သုံးဦးနှင့် အနောက်မြောက်ပိုင်းတွင် ခီဘာပန့်ထန်ဝါပြည်နယ်တွင် နှစ်ဦး သေဆုံးကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် နေအိမ် ၁၉၁၅၃ လုံး ပျက်စီးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၂၀၄၂ ကောင် သေဆုံးကြောင်း ထပ်လောင်းဖော်ပြထားသည်။
ဇွန်လလယ်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူပေါင်း ၁၃၅၅ ဦးနှင့် ဒဏ်ရာရသူပေါင်း ၁၂၇၂၂ ဦး အထိမြင့်တက်လာသည်ဟု အင်န်ဒီအမ်အေ၏နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါရေကြီးရေလျှံမှုကြောင့် ပါကစ္စတန်နိုင်ငံရှိ ခရိုင် ၈၁ ခုတို့ရေဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းများတွင် ၆၃၄၇၄၉ ဦးတို့ နေထိုင်လျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို