ဧပြီ ၂

ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သောသီတင်းပတ်အတွင်း အာဖဂန်အကျဉ်းသား စုစုပေါင်း ၁၅၅ ဦး လွတ်မြောက်ခဲ့ပြီး ဘေးကင်းစွာ အိမ်ပြန်နိုင်ခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ၏ ဒုက္ခသည်များနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့တွင် ကြေညာခဲ့သည်။

အဆိုပါ ထိန်းသိမ်းခံခဲ့ရသူများသည် နယ်စပ်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ရရှိခဲ့ပြီး နေရပ်ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်ကာ ပြန်လည်ပေါင်းစည်းရေး အထောက်အပံ့များကို ဆက်လက်ပေးအပ်ခဲ့သည်ဟု ယင်းဝန်ကြီးဌာနကဆိုသည်။

အစောပိုင်းထုတ်ပြန်ချက်တစ်ခုအရ ပါကစ္စတန်နိုင်ငံတွင် အကျဉ်းချခံထားရသော အာဖဂန် အကျဉ်းသား ၄၂၆ ဦးခန့်ကို ပြီးခဲ့သည့်သီတင်းပတ်က ၎င်းတို့၏ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ခန့်မှန်းခြေအားဖြင့် အာဖဂန်လူမျိုး ခြောက်သန်းခန့်သည် ပြည်ပတွင်နေထိုင်ကြကာ အများအားဖြင့် အိမ်နီးချင်း အီရန်နှင့် ပါကစ္စတန်တို့တွင် နေထိုင်ကြောင်း ဖော်ပြထားသည်။

အာဖဂန်အစိုးရသည် ပြည်ပရှိအာဖဂန်နိုင်ငံသားများအား ပြန်လာကြရန်နှင့် စစ်ဘေးသင့်နိုင်ငံကို ပြန်လည်တည်ဆောက်ရာတွင် ပါဝင်ကြရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို