ဇန်နဝါရီ ၂၉

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် ယခုနှစ်အစပိုင်းမှစတင်ကာ ယမန်နေ့ကအထိ အဆုတ်ရောဂါဖြင့် သေဆုံးသူကလေးပေါင်း ၂၅၀ ကျော် ရှိလာသည်ဟု ထိုပြည်နယ်ကျန်းမာရေးဌာနက ယမန်နေ့ကပြောကြားသည်။

ထိုပြည်နယ်တွင် လွန်ခဲ့သော၂၄ နာရီအတွင်း လူနာ ၈၇၀ နီးပါးရှိသည်ဟု ဖော်ပြထားပြီး ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုးတွင် ၁၇၇ ဦးခန့် တွေ့ရှိခဲ့ကြောင်း ထပ်လောင်းဖော်ပြထားသည်။

အဆိုပါရောဂါဖြစ်ပွားမှုနှင့်သေဆုံးမှု လျင်မြန်စွာတိုးပွားလာခြင်းသည် ဆောင်းရာသီကာလအတွင်း မီးခိုးမြူများ ထူထပ်ခြင်းနှင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကြောင့်ဖြစ်သည်ဟု ကျန်းမာရေးဌာနက ယူဆထားသည်။

ကျန်းမာရေးဌာနက အဆုတ်ရောင်ရောဂါဖြစ်ပွားမှုမြင့်မားလာခြင်းကိုဟန့်တားရန်ကာကွယ်ရေးအစီအမံများနှင့် ပြည်သူများ သတိပြုနေထိုင်ကြရန်အရေးကြီးကြောင်း ပြောကြားထားသည်။

နှစ်စဉ် ဆောင်းရာသီကာလအတွင်း အဆုတ်ရောင်ရောဂါဖြစ်ပွားမှုကြောင့် ကလေးငယ်သေဆုံးမှုအရေအတွက် များပြားခဲ့သော်လည်း ယခုနှစ်တွင်မူ လေထုအရည်အသွေး ပိုမိုဆိုးရွားခဲ့မှုကြောင့် ထိုရောဂါဖြင့် သေဆုံးမှုနှုန်းသည် ၁၀ ရာခိုင်နှုန်းမြင့်မားလာသည်ဟု ပြည်နယ်ကျန်းမာရေးဝန်ကြီးက မီဒီယာကို ပြောကြားသည်။

လာမည့်လများအတွင်း ဆောင်းရာသီ၏အအေးလျော့ကျလာချိန်တွင် အခြေအနေတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ထိုဝန်ကြီးကထပ်လောင်းပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို