ဧပြီ ၅

ပါကစ္စတန်နိုင်ငံရှိ ပြည်နယ်နှစ်ခုတွင် ပိုလီယိုရောဂါကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုဒုတိယအဆင့်အနေဖြင့် အသက်ငါးနှစ်အောက် အရွယ်ကလေး လေးသန်းကျော်အား ထိုရောဂါကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။

ဘာလိုချီစတန်အနောက်တောင်ပိုင်းရှိ ခရိုင် ၁၂ ခုနှင့် ခီဘာပတ်ထဟွာပြည်နယ်အနောက်မြောက်ပိုင်းရှိ ခရိုင် ၂၆ ခုတို့တွင်  အသက်ငါးနှစ်အောက်ကလေး ၄ ဒသမ ၁၂ သန်းကျော်အား ဧပြီ ၁၀ ရက်နေ့မှစတင်ကာ ပိုလီယိုရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဟု ထိုဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ရာနှင့်ချီသောကျန်းမာရေးဝန်ထမ်းများသည် ထိုရောဂါကာကွယ်ဆေးကို တစ်အိမ်တက်ဆင်းထိုးနှံပေးရာတွင် ပါဝင်ဆောင်ရွက်သွားကြမည်ဖြစ်သည်။

အစောပိုင်းကာလက နိုင်ငံတစ်ဝန်းရှိ အသက် ငါးနှစ်အထက်အရွယ်ကလေး ၁၇ ဒသမ ၄၁ သန်းအား ပိုလီယိုရောဂါကာကွယ်ဆေး ထိုးနှံရေးလှုပ်ရှားမှုပထမအဆင့်တွင် မတ်လ ၁၃ ရက်မှ  ၁၇ ရက်အထိ ထိုးနှံပေးခဲ့သည်။

ယခုနှစ် မတ်လက ခီဘာပတ်ထဟွာပြည်နယ်တွင် ပိုလီယို‌ရောဂါဖြစ်ပွားမှုကို ပထမဆုံးတွေ့ရှိခဲ့သည်။ ထိုပြည်နယ်မှာပင်  ယမန်နှစ်က ပိုလီယိုရောဂါဖြစ်ပွားသည့်ကလေးဦးရေ ၂၀ တွေ့ရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို