မေ ၈
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်ရှိ ခရီးသည်တင်ဘတ်စ်ကားတစ်စီး ချောက်အတွင်းသို့ထိုးကျသဖြင့် ခုနစ်ဦးထက်မနည်း သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။
Jhal Magsi ခရိုင်၌ M-8 အဝေးပြေးလမ်းမကြီးတစ်လျှောက် ချောင်းအတွင်းသို့ ဘတ်စ်ကား တိမ်းမှောက်သွားခြင်းကြောင့် မတော်တဆမှုဖြစ်ပွားခဲ့သည်ဟု ဒေသတွင်းရဲအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ခရိုင်ကျန်းမာရေးအရာရှိ Ali Khan Magsi က ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။ လူနာတင်ယာဉ်များ မလုံလောက်မှုကြောင့် လုပ်ငန်းဆောင်တာများ နှောင့်နှေးခဲ့ရကြောင်း ကယ်ဆယ်ရေးအရာရှိများက ပြောကြားခဲ့သည်။
ထိုမတော်တဆမှုဖြစ်ပွားသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


