ဧပြီ ၂၅
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခီဘာပတ်ခ်ထန်ဟွာပြည်နယ် ဆွာတ်ခရိုင်ရှိ ရဲစခန်းတစ်ခုတွင် ယမန်နေ့နှောင်းပိုင်းက အားပြင်းသော ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၅၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောကြားသည်။
ဆွာတ်ခရိုင် ကာဘယ်ဒေသရှိ အကြမ်းဖက်နှိမ်နင်းရေးဌာန ရဲစခန်းအတွင်း ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် သေဆုံးသူများတွင် ရဲတပ်ဖွဲ့ဝင်ရှစ်ဦးပါဝင်ကြောင်း ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ ရှာဖီလာရှ်ဂန်ဒါပါက သတင်းထောက်များအား အတည်ပြုပြောကြားသည်။
တာဝန်ရှိသူများက ကနဦးသတင်းများအရ ထိုဗုံးပေါက်ကွဲမှုသည် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်သည်ဟု ဆိုသည်။
အဆိုပါဗုံးပေါက်ကွဲမှုကြောင့် အကြမ်းဖက်နှိမ်နင်းရေးရဲဌာနအဆောက်အဦ လုံးဝပျက်စီးသွားပြီး အနီးနားရှိအဆောက်အဦများ၏ ပြတင်းပေါက်မှန်များလည်း ကွဲအက်ကြေမွသွားကြောင်း ရဲတပ်ဖွဲ့ကထပ်လောင်း ပြောသည်။
လုံခြုံရေးတပ်ဖွဲ့များနှင့်ကယ်ဆယ်ရေးအဖွဲ့များသည် ထိုပေါက်ကွဲမှုဖြစ်ပွားနေရာသို့ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများကို အနီးနားရှိဆေးရုံများသို့ပို့ဆောင်ပေးခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့သည် အဆောက်အဦအပျက်အစီး၏အောက်တွင် ပိမိနေသူများအား ကယ်ဆယ်မှုများ လုပ်ဆောင်လျက် ရှိသည်ဟု သိရသည်။
ထိုတိုက်ခိုက်မှုသည် မည်သည့်အုပ်စု၏ လက်ချက်ဖြစ်သည်ကိုမူ မသိရှိရသေးပေ။
ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် ရှာဘတ်ရှာရစ်က ထိုဖြစ်ရပ်ကြောင့်သေဆုံးသွားသူများနှင့်ပတ်သက်၍ ဝမ်းနည်းပူဆွေး ရပါကြောင်းနှင့် ဒဏ်ရာရရှိသူများအား ဆေးဘက်ဆိုင်ရာအထောက်အပံ့များ အကောင်းဆုံးလုပ်ဆောင်ပေးရန် သက်ဆိုင်ရာအာဏာပိုင်များကို ညွှန်ကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို