မတ် ၆

ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် မော်တော်ယာဉ်တစ်စီးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ယာဉ်ပေါ်ပါလုံခြုံရေးတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး အခြားကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဘာလိုချီစတန်မှအရံတပ်ဖွဲ့ဝင်များလိုက်ပါလာသောထရပ်ကားတစ်စီးသည် စီဘီခရိုင်နှင့်နယ်စပ်ဒေသတွင် တိုက်ခိုက်ခံခဲ့ရပြီး  ဘိုလန်ခရိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ ယူဆပ်ကာရင်က မီဒီယာကို ပြောကြားသည်။

အဆိုပါပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုမသိရှိရသေးကြောင်းနှင့်စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများအနက်အများစုမှာ အခြေအနေစိုးရိမ်ရသည်ဟု ၎င်းက ဆိုသည်။

ထိုတိုက်ခိုက်မှုသည် မည်သည့်အုပ်စု၏လက်ချက်ဖြစ်သည်ကို မသိရှိရသေးပေ။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို