မေ ၂၅

 

ပါကစ္စတန်နိုင်ငံအနောက်မြောက်ဘက် ခီဘာပတ်ထန်ဝါပြည်နယ်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ်အတွင်း အကြမ်းဖက်သမားခြောက်ဦး သေဆုံးခဲ့ကြောင်း ယမန်နေ့ညပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

 

တောင်ပိုင်း ဝါဇရစ်တန် ကော့အာဇမ်ဒေသတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်သမားများအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ပါကစ္စတန်စစ်တပ်မီဒီယာက ဖော်ပြထားသည်။

 

အဆိုပါသေဆုံးသူအကြမ်းဖက်သမားများထံမှ လက်နက်ခဲယမ်းများလည်း ပြန်လည်ရရှိခဲ့ကြောင်းနှင့် ထိုအကြမ်းဖက်သမားများသည် အပြစ်မဲ့နိုင်ငံသားများကိုသတ်ဖြတ်ခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်ခြင်းတို့ကိုပြုလုပ်ကာ လုံခြုံရေးတပ်ဖွဲ့များကို ဆန့်ကျင်ခဲ့ကြသည်။

 

ထိုဒေသရှိအခြားသောအကြမ်းဖက်သမားများကို ရှင်းလင်းရေးလုပ်ဆောင်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

စောစောပိုင်းက ယင်းပြည်နယ်၏ မြောက်ပိုင်း ဝါဇရစ်တန်မြောက်ပိုင်း လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦးအပါအဝင် လေးဦးသေဆုံးခဲ့သည်ဟု စစ်ဘက်ဆိုင်ရာက ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို