မတ် ၉
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခီဘာပါထန်ဟွာပြည်နယ်ရှိ မီးခြစ်ဆံထုတ်လုပ်သောစက်ရုံတစ်ရုံအတွင်း ယမန်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် နှစ်ဦးသေဆုံးခဲ့သည်ဟု ကယ်ဆယ်ရေးသမားများက ပြောကြားသည်။
အဆိုပါပေါက်ကွဲမှုသည် ထိုပြည်နယ်မြို့တော် ပတ်ရှ်ဝါတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စက်ရုံ၏အမိုး တစ်စိတ်တစ်ပိုင်းပြိုကျခဲ့ကြောင်း ဖော်ပြထားသည်။
ထိုအပျက်အစီးများ၏အောက်တွင် အလုပ်သမားနှစ်ဦးပိမိနေသည်ဟု ၎င်းမြို့ရှိ အိဒ်ဟီကယ်ဆယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူး အာဆစ်ခန်က သတင်းထောက်များကို ပြောကြားသည်။
ကယ်ဆယ်ရေးသမားများက ယင်းအလုပ်သမားနှစ်ဦးအား ရှာဖွေတွေ့ရှိခဲ့ပြီး နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ထိုအလုပ်သမားနှစ်ဦးမှာ ဆေးရုံမှာပင် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ၎င်းက ပြောကြားသည်။
ရဲတပ်ဖွဲ့က ထိုပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကိုသိရှိရန် ယင်းနေရာအားပိတ်ဆို့ထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို