ဧပြီ ၁၉
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ် ဂျမ်ဟိုရိုခရိုင်ရှိ ရေမြောင်းအတွင်းသို့ ခရီးသည်တင်ဘတ်စ်ကားတစ်စီး ယမန်နေ့က ပြုတ်ကျခဲ့သဖြင့် လူနှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အဆိုပါယာဉ်မတော်တဆမှုသည် ထိုခရိုင်ရှိ အဝေးပြေးလမ်းတွင် ဘတ်စ်ကားမောင်းသူအိပ်ငိုက်သွားခြင်းကြောင့်ဖြစ်နိုင် သည်ဟု ကယ်ဆယ်ရေးအဖွဲ့က ပြောကြားသည်။
ကယ်ဆယ်ရေးသမားများက ယာဉ်မတော်တဆမှုဖြစ်ပွားရာနေရာသို့ရောက်ရှိပြီး ထိခိုက်ဒဏ်ရာသူများကို ဒေသတွင်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းတို့ကထပ်လောင်းပြောသည်။
ကလေးငယ်လေးဦးနှင့် လူငယ်နှစ်ဦးတို့ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် လေးဦးသည် အခြေအနေစိုးရိမ်ရသည်ဟု ၎င်းတို့ကဆိုသည်။
ထိုဘတ်စ်ကားသည် ဆင်းဒ်ပြည်နယ် ဆာကာမြို့မှ ပြည်နယ်မြို့တော်ကရာချီသို့ ဦးတည်သွားနေစဉ် မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူနှစ်ဦးအနက် တစ်ဦးသည် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု သိရသည်။
ပါကစ္စတန်နိုင်ငံတွင် ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများချိုးဖောက်မှုနှင့် လမ်းများကောင်းမွန်မှုမရှိခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို