အစ္စလာမာဘတ်၊ ဇွန် ၉
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်၌ ကလေးငယ်တစ်ဦး ပိုလီယိုရောဂါဖြင့် သေဆုံးခဲ့ကြောင်း ပါကစ္စတန်ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၈ ရက်တွင် အတည်ပြုပြောကြားသည်။ အဆိုပါကလေးငယ်သည် ယခုနှစ်အတွင်း ပဉ္စမမြောက် ပိုလီယိုရောဂါခံစားရသူဖြစ်ကြောင်းလည်း သိရသည်။
အသက် နှစ်နှစ်အရွယ်ကလေးငယ်သည် ဧပြီ ၂၉ ရက်တွင် ခြေထောက်များအကြောသေခဲ့ပြီး ပိုလီယိုရောဂါ လက္ခဏာများ စတင်ခံစားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းကလေးငယ်သည် ခြေထောက်များနှင့် လက်များ အကြောသေသွား၍ အားနည်းလာပြီး တဖြည်းဖြည်း နာမကျန်းဖြစ်လာကာ ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ ကလေးငယ်နှင့်အတူ နေထိုင်သည့် အစ်ကိုနှင့် ၎င်း၏ဝမ်းကွဲအစ်မတို့က ထုတ်ယူထားသော နမူနာများကို စစ်ဆေးရာတွင် ပိုလီယိုဗိုင်းရပ်စ်ရှိကြောင်း အတည်ပြုခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရသည် ကလေးများ ခုခံအား အားကောင်းစေရန်အတွက် ပြည်နယ်အတွင်း ပိုလီယိုရောဂါကာကွယ်ဆေးနှင့် ပုံမှန်ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။
၂၀၂၄ ခုနှစ်တွင် ဘာလိုချီစတန် ပြည်နယ်၌ ပိုလီယိုရောဂါကူးစက်ခံရသူ လေးဦးတွေ့ရှိရပြီး တောင်ပိုင်း ဆင်းဒ်ချ် ပြည်နယ်မှ တစ်ဦးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်