ဇန်နဝါရီ ၂၇

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် လူနေရပ်ကွက်အတွင်း ဓါတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ငါးဦးသေဆုံးပြီး အခြား ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားသည်။

အဆိုပါမတော်တဆမှုသည် မူလ်တန်ခရိုင်တွင် ယနေ့မနက်အစောပိုင်းက ဓါတ်ငွေ့ယိုစိမ့်ပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထိုခရိုင်ရှိရဲတပ်ဖွဲ့က ဆင်ဟွာကိုပြောကြားသည်။

ထိုဓါတ်ငွေ့ယိုစိမ့်မီးလောင်မှုကြောင့် လူနေသိပ်သည်းသောရပ်ကွက်အတွင်း အပျက်အစီးများပြားခဲ့သည်ဟု သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူများကိုနီးစပ်ရာဆေးရုံအသီးသီးသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ထိခိုက်မှုရှိသူများအနက် အများအပြားမှာ စိုးရိမ်ရကြောင်း ဖော်ပြထားသည်။

ပါကစ္စတန်နိုင်ငံတွင် ဘေးကင်းရေးအစီအမံများ အားနည်းခြင်းနှင့် အခြေခံအဆောက်အအုံများညံ့ဖျင်းခြင်းတို့ကြောင့် ဓါတ်ငွေ့ပေါက်ကွဲမှုအပါအဝင် မတော်တဆဖြစ်ပွားမှုများသည် အသက်ဆုံးရှုံးမှုများကိုဖြစ်ပေါ်စေသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို