ဇူလိုင် ၆
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် မတော်တဆ ဖြစ်ပွားမှုများကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်( ပီဒီအမ်အေ )က ယမန်နေ့ကပြောကြားသည်။
အဆိုပါပြည်နယ်တွင် ဇူလိုင် ၄ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးဆက်လက်ရွာသွန်းနေမှုကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် ၂၀၀ ကျော် ပျက်စီးခဲ့ပြီး တိရစ္ဆာန်အကောင်ရေ ၂၀၀၀ ခန့် သေဆုံးခဲ့သည်ဟု ညွှန်ကြားရေးမှူးချုပ် နာစီရာအာမက်နာဆာက ပြောကြားသည်။
သည်းထန်စွာရွာသွန်းသောမိုးကြောင့် ရေနုတ်မြောင်းကြီးတွင်ရေလျှံကာ မြေနိမ့်ဒေသများ ရေလွှမ်းမိုးသွားသည်။
ထိုမိုးရွာသွန်းမှုတွင် လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိသူများသည် ထိုပြည်နယ်ရှိဆေးရုံအသီးသီးတွင် ကုသမှုခံယူလျက်ရှိသည်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ရေဘေးသင့်မိသားစုများအား အစားအသောက်နှင့် အခြားလိုအပ်သောပစ္စည်းများ ပေးဝေလျက်ရှိပြီး ထိုပြည်နယ်တွင် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်လျက်ရှိသည်။
ထိုပြည်နယ်ရှိခရိုင်အသီးသီးတွင် ထိုမုတ်သုံမိုးသည် ဇူလိုင် ၇ ရက်အထိ ဆက်လက်ရွာသွန်းမည်ဟု ခန့်မှန်းထားကြောင်း ပီဒီအမ်အေ၏ ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို