ဇွန် ၂၀

 

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးနှင့်ဆက်နွှယ်သည့်ဖြစ်ရပ်များကြောင့် ခုနစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး လူပေါင်း ၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ 

 

ထိုဒေသတွင် မိုးသက်မုန်တိုင်းများနှင့် မိုးများပိုမိုရွာသွန်းနိုင်ကြောင်း အာဏာပိုင်များက ခန့်မှန်းပြောကြားထားသည်။

 

နိုင်ငံအနောက်မြောက်ပိုင်း ခီဘာပါ့ထန်ဝါပြည်နယ်တွင် ဇွန်လ ၁၉ ရက် ညနေပိုင်းမှစတင်ကာ မိုးသက်မုန်တိုင်းများနှင့် မိုးများပိုမိုရွာသွန်းဖွယ်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။

 

ထိုပြည်နယ်ရှိ ဘန်နူခရိုင်တွင် ငါးဦးထက်မနည်းသေဆုံးပြီး အခြား ၆၇ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်နယ်မြို့တော် ပတ်ရှ်ဝါတွင်  နှစ်ဦးသေဆုံးပြီး အခြားငါးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

၎င်းဒေသတွင် လေပြင်းတိုက်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ဆက်သွယ်ရေးစနစ်  ပြတ်တောက်သည့်အပြင် နေအိမ်အများအပြားလည်း ပျက်စီးသွားခဲ့သည်။

 

ဇွန်လ ၁၀ ရက်အစောပိုင်းက ယင်းပြည်နယ်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးသီးများကြွေကျခြင်းတို့ကြောင့် ၂၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၄၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို