ဩဂုတ် ၂၃
ပါကစ္စတန်နိုင်ငံတွင် ဇွန် ၁၄ မှစတင်ကာ သည်းထန်စွာ ရွာသွန်းသောမိုးကြောင့် လူ ၈၂၀ ထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၃၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေးအာဏာပိုင်များ( အင်န်ဒီအမ်အေ )က ယမန်နေ့က ပြောကြားသည်။
အဆိုပါ မိုးသည်းမှုဒဏ် အများဆုံးခံရသော ဒေသများတွင် နေထိုင်သူ အမျိုးသမီး ၁၇၈ ဦးနှင့် ကလေးငယ် ၃၀၄ ဦး အပါအဝင် လူအများအပြား သေဆုံးခဲ့သည်ဟု ထိုအာဏာပိုင်များက ဆိုသည်။
နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မတော်တဆမှုများဖြစ်ပွားကာ ၂၂၅ ဦး သေဆုံးပြီး အခြား ၉၅ ဦး ဒဏ်ရာရရှိခဲ့သည်။
နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် ကီလိုမီတာ ၂၈၈၆ ဒသမ ၉ အရှည်ရှိလမ်းများ၊ တံတား ၁၂၉ စင်းနှင့် ဈေးဆိုင် ၅၀ ခန့် ရေစီးဖြင့် မျောပါသွားခဲ့သည်။
လာမည့်ရက်အနည်းငယ်အတွင်း နိုင်ငံတစ်ဝန်းလုံး မိုးသည်းထန်စွာ ရွာသွန်းမှုဆက်လက်ဖြစ်ပွားဖွယ်ရှိသည်ဟု နိုင်ငံမိုးလေဝသဌာန၏ ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို