ဧပြီ ၃
ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်နှင့် တောင်ပိုင်းဆိပ်ကမ်းမြို့ ကရာချီတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးမုန်တိုင်းများ ထပ်မံဖြစ်ပွားကာ လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၅ ဦးသေဆုံးခဲ့ပြီး အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
ဘာလိုချီစတန်ပြည်နယ်ရှိ ခရိုင်တစ်ဒါဇင်ကျော်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မိုးနှင့်ဆက်စပ်သော ဖြစ်ရပ်များတွင် ရှစ်ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများစွာရှိခဲ့ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင် ပီဒီအမ်အေ(PDMA) မှ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်နယ်တစ်ဝန်းရှိ နေအိမ်များ၊ အခြေခံအဆောက်အအုံများနှင့် သီးနှံများပျက်စီးဆုံးရှုံးမှုများအပြင် မွေးမြူရေးတိရစ္ဆာန်များလည်း သေဆုံးပျက်စီးဆုံးရှုံးမှုများရှိကြောင်း ပီဒီအမ်အေက ပြောကြားခဲ့သည်။
ကရာချီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လျှပ်စစ်ဓာတ်လိုက်မှုနှင့် နံရံပြိုကျမှုများဖြစ်ပွားခဲ့ရာ ခုနစ်ဦးသေဆုံးခဲ့ကြောင်းနှင့် မိုးရွာသွန်းမှုကာလအတွင်း လမ်းရေကြီးရေလျှံမှုကို လျှော့ချရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုကို အဆင်ပြေချောမွေ့စေရန် အစီအမံများ ချမှတ်ထားကြောင်း ဒေသခံကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
မိုးရွာသွန်းမှုကို ကြိုတင်ခန့်မှန်းနိုင်ရန်အတွက် ကရာချီတစ်ဝန်းတွင် အရေးပေါ်စခန်းများ ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း၊ အစိုးရများအနေဖြင့် အချိန်မီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံသားများ လွယ်ကူချောမွေ့စေရန်အတွက် အမြင့်ဆုံးသတိပေးချက်များ ထုတ်ပြန်ထားကြောင်း ကရာချီကော်မရှင်နာ Syed Hassan Naqvi က ပြောကြားခဲ့သည်။
အစောပိုင်းက ပါကစ္စတန်မိုးလေဝသဌာနသည် နိုင်ငံ၏ ဒေသအချို့တွင် ဧပြီလ ၄ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ မိုးကြိုးမုန်တိုင်းများ ဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းထားပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်စေပြီး သီးနှံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


