မေ ၂၉

ပါကစ္စတန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသက်မုန်တိုင်းတိုက်ခတ်မှုများကြောင့် ကိုးဦးထက်မနည်းသေဆုံးပြီး အခြား ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။

အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များ၊ အခြေခံအဆောက်အအုံနှင့် သီးနှံများပျက်စီးကာ နိုင်ငံတစ်ဝန်းရှိ တိရစ္ဆာန်များ သေကြေပျက်စီးခဲ့သည်ဟု အမျိုးသားအဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ (အင်န်ဒီအမ်အေ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးရွာသွန်းမှုနှင့်ဆက်စပ်သောမတော်တဆမှုများတွင် နိုင်ငံအရှေ့ပိုင်းပန်ဂျပ်ပြည်နယ်၊ အနောက်မြောက်ပိုင်း ခီဘာပတ်ထန်ဟွာ(ကေပီ)ပြည်နယ်နှင့် ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မားဒေသတို့မှ အမျိုးသမီးများနှင့် စကလေးများအပါအဝင် သေဆုံးမှုများနှင့် ထိခိုက်ပျက်စီးမှုများကို ဖော်ပြထားသည်။

ပန်ဂျပ်ပြည်နယ်တွင် နှစ်ဦးထက်မနည်းသေဆုံးပြီး အခြား ၂၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်းနှင့် ကေပီပြည်နယ်ရှိဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သုံးဦးသေဆုံးပြီး အခြား ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အလုံးပေါင်း ၁၅ လုံးအထက်လည်း တစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မားဒေသတွင် လေးဦးသေဆုံးပြီး အခြားအများအပြား ထိခိုက်ဒဏ်ရာရပြီး ပျောက်ဆုံးနေဆဲဖြစ်ပြီး ပစ္စည်းဉစ္စာဆုံးရှုံးမှုများရှိကြောင်း  ၎င်းကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို