ဇွန် ၂၇
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းပန်ဂျပ်ပြည်နယ်တွင် မုတ်သုံမိုးရွာသွန်းသဖြင့် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးနှင့်ဆက်စပ်သည့်မတော်တဆမှုများကြောင့် ခုနစ်ဦးထက်မနည်းသေဆုံးပြီး အခြား ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ ပီဒီအမ်အေက ယမန်နေ့ညနှောင်းပိုင်းက ပြောကြားသည်။
အိုကာရာနှင့် ဘာဟာဝါလ်နာဂါခရိုင်တို့မှ ကလေးတစ်ဦးစီနှင့် ဂျေဟီလမ်မြို့တွင် အမျိုးသားနှစ်ဦး ရေနစ်သေဆုံးခဲ့ပြီး မူဇက်ဖာဂတ်ရှ်မြို့တွင် နံရံပြိုကျမှုကြောင့် နှစ်ဦးသေဆုံးကြောင်းနှင့် ခါနီဝဲလ်မြို့တွင့် မိုးကြိုးပစ်ခံရမှုကြောင့် တစ်ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထိခိုက်ဒဏ်ရာရသူများသည် မူလ်တန်၊ ဖီဆာလာဘတ်၊ ဆာဟီဝဲလ်နှင့် မန်ဒီဘာဟတ်ဒင်ဒေသတို့မှဖြစ်ပြီး အများစုသည် ခေါင်မိုးနှင့်နံရံပြိုကျမှုများကြောင့်ဖြစ်သည်ဟု သိရသည်။
အစိုးရမူဝါဒနှင့်အညီ သေဆုံးသူများ၏မိသားစုများအတွက် ငွေကြေးအကူအညီများ ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဒေသခံများအနေဖြင့် ကြိုတင်ကာကွယ်မှုများပြုလုပ်ကြရန် အာဏာပိုင်များက တိုက်တွန်း ပြောကြားထားသည်။
နိုင်ငံတစ်ဝန်းတွင် ဇူလိုင် ၁ ရက်နေ့အထိ မုတ်သုံမိုးများဆက်လက်ရွာသွန်းမည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားပြီး အထူးသဖြင့် မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးမှုအန္တရာယ်မြင့်မားလာနိုင်သည်ဟု သတိပေးပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို