စက်တင်ဘာ ၂၀
ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ လူ ၁၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ (အင်န်ဒီအမ်အေ )က ပြောကြားသည်။
အဆိုပါသေဆုံးသူအားလုံးသည် နိုင်ငံတောင်ပိုင်း ဆင်းဒ်ရှ်ပြည်နယ်မှဖြစ်ပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးသုံးဦးတို့ပါဝင်သည်ဟု အင်န်ဒီအမ်အေ၏ယမန်နေ့ညထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတစ်ဝန်းတွင် တစ်ရက်အတွင်း နေအိမ် ၂၁၁၂၃ လုံးပျက်စီးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၁၃၈၁၃ သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပါကစ္စတန်နိုင်ငံတွင် ဇွန်လလယ်မှစတင်ကာ ရွာသွန်းခဲ့သောမုတ်သုံမိုးကြောင့် သေဆုံးသူပေါင်း ၁၅၅၉ ဦးရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၈၅၀ ရှိသည်ဟု အင်န်ဒီအမ်အေက ဆိုသည်။
ထိုရေကြီးရေလျှံမှုကြောင့် နိုင်ငံတစ်ဝန်းတွင် နေအိမ်အလုံးပေါင်း ၁၉၇၉၄၈၅ လုံးပျက်စီးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၉၇၃၆၃၂ သေဆုံးကြောင်းနှင့် လမ်းတံတား ၃၇၄ စင်းပျက်စီးခဲ့ကြောင်း အင်န်ဒီအမ်အေက ထပ်လောင်းပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို