ဇူလိုင် ၂၁

ပါကစ္စတန်နိုင်ငံတွင် ဇွန်လမှစတင်သည့်မုတ်သုံရာသီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၀၁ ဦး သေဆုံးပြီး အခြား ၁၈၀ ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့( အင်န်ဒီအမ်အေ )က ပြောကြားသည်။

နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် မိုးရွာသွန်းမှုအများဆုံးဖြစ်ပြီး ၅၇ ဦးသေဆုံးကာ ၁၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထိုပြည်နယ်မြို့တော် လာဟိုးအပါအဝင် ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် ၅၃ လုံးလည်း ပျက်စီးသွားခဲ့သည်ဟု  ထပ်လောင်းဖော်ပြထားသည်။

ထိုမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တည်ဆောက်ဆဲတံတားနံရံပြိုကျမှုဖြစ်ပွားသဖြင့် ဇူလိုင် ၁၉ ရက်က လူ ၁၂ ဦးထက်မနည်းသေဆုံးခဲ့သည်။

နိုင်ငံ၏အနောက်မြောက်ပိုင်းခီဘာပါ့ထန်ဟွာပြည်နယ်တွင် မိုးနှင့်ဆက်နွှယ်ပြီးဖြစ်ပွားသောမတော်တဆမှုများကြောင့် ၂၅ ဦးသေဆုံးခဲ့ပြီး အခြား ၄၁ ဦး ဒဏ်ရာရရှိခဲ့သည်။

နိုင်ငံတောင်ပိုင်းဆင်းဒ်ပြည်နယ်တွင် ဇွန်လအစောပိုင်းက မိုးသက်မုန်တိုင်းတိုက်ခတ်နေစဉ်အတွ်း နေအိမ်တစ်လုံး မိုးကြိုးပစ်ခံရသဖြင့်  ၁၀ ဦးသေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

နိုင်ငံအနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် ခြောက်ဦးသေဆုံးပြီး အခြား ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို