အစ္စလာမ္မာဘတ် သြဂုတ် ၃၁
ပါကစ္စတန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးနှင့်ဆက်စပ်ဖြစ်ရပ်များနှင့် မုတ်သုံရာသီမိုး သည်းထန်စွာရွာသွန်းပြီး လျှပ်တစ်ပြက်ရေကြီးမှုများ ကြောင့် ၇၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (အင်န်ဒီ အမ်အေ) က ပြောကြားလိုက်သည်။
အင်န်ဒီအမ်အေ၏ သြဂုတ် ၂၉ ရက်ညနေပိုင်းသတင်းထုတ်ပြန်ဖော်ပြချက်အရ နိုင်ငံတစ်ဝန်း မိုးနှင့်ဆက်စပ်သော သဘာဝဘေးများကြောင့် ကလေး ၂၇ ဦးထက်မနည်းနှင့် အမျိုးသမီး ၁၇ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်သည် မိုးရွာသွန်း မှုနှင့်သက်ဆိုင်သော သဘာဝဘေးများကို အဆိုးဆုံး ခံစားခဲ့ရပြီး ၅၃ ဦးသေဆုံးခဲ့ကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ သည်။
ဇွန်လလယ်မှစသည့် မိုးရာသီမုတ်သုံမိုးကြောင့် ပါကစ္စတန်နိုင်ငံတစ်ဝန်း သေဆုံးသူ ၁၁၃၆ ဦး အထိမြင့်တက်ခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ၁၆၃၄ ဦး အထိရှိခဲ့ကြောင်း အင်န်ဒီအမ်အေက ပြောသည်။
ထို့ပြင် မိုးရွာသွန်းမှုကြောင့် နိုင်ငံတစ်ဝန်း အိမ်ပေါင်း ၁၀၅၁၅၇၀ ၊ တံတားစင်းပေါင်း ၁၆၂ စင်း၊ ဈေးဆိုင်ပေါင်း ၁၇၀ ပျက်စီးခဲ့သည်။
ရေဘေးသင့်ဒေသများ၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက် ရှိသည်။
ဆင်ဟွာ