ပါကစ္စတန်နိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း လူ ၂၀ ထက်မနည်းသေဆုံး

စက်တင်ဘာ ၂၃

 

ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မုတ်သုံမိုးရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် လူ ၂၀ ထက်မနည်းသေဆုံးခဲ့သည်ဟု အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့( အင်န်ဒီအမ်အေ )က ပြောကြားသည်။

 

ရေကြီးရေလျှံမှုနှင့်ဆက်စပ်သည့်ဖြစ်ရပ်များကြောင့်သေဆုံးမှုတွင် ကလေး ၁၅ ဦးနှင့် အမျိုးသမီး နှစ်ဦး ပါဝင်ကြောင်း အင်န်ဒီအမ်အေက ယမန်နေ့ညနေပိုင်းက သတင်းထုတ်ပြန်ထားသည်။

 

နိုင်ငံတောင်ပိုင်းဆင်းဒ်ပြည်နယ်သည် ရေဘေးသင့်အဆိုးရွားဆုံးဒေသဖြစ်ပြီး ၁၇ ဦးသေဆုံးကာ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် သုံးဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မုတ်သုံမိုးရွာသွန်းမှုကြောင့် နိုင်ငံတစ်ဝန်းတွင် ဇွန်လလယ်မှစတင်ကာ ရေကြီးရေလျှံမှုများကြောင့် ၁၅၉၆ ဦး သေဆုံးခဲ့ပြီး  ၁၂၈၆၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်န်ဒီအမ်အေက ပြောကြားသည်။

 

ထိုရေကြီးရေလျှံမှုများကြောင့် နေအိမ် ၂၀၁၆၀၀၈ လုံး ပျက်စီးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၁၀၄၀၇၃၅ သေဆုံးခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို