အောက်တိုဘာ ၁၂

 

ပါကစ္စတန်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများဆက်လက်မြင့်တက်လျက်ရှိရာ ထိုရောဂါဖြစ်ပွားမှုကြောင့် သုံးဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံအနောက်မြောက်ပိုင်း ကီဘာပါ့ထန်ဝါ( ကေပီ )ပြည်နယ်တွင် နှစ်ဦးနှင့် တောင်ပိုင်းဆင်းဒ်ပြည်နယ်တွင် တစ်ဦးသေဆုံးခဲ့သည်ဟု ထိုပြည်နယ်ကျန်းမာရေးဦးစီးဌာနများက ယမန်နေ့က ပြောကြားသည်။

 

ကေပီပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၉၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ထိုပြည်နယ်ကျန်းမာရေးဦးစီးဌာနက ယမန်နေ့ညပိုင်းက ပြောကြားသည်။ ထိုပြည်နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားဆဲလူနာ ၂၄၆၉ ဦးရှိရာ ယခုနှစ်အတွင်း ထိုရောဂါဖြစ်ပွားသူပေါင်း ၁၂၄၆၀ အထိရှိလာသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ဆင်းဒ်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၃၇၆ ဦး ထပ်မံတွေ့ရှိကြောင်း ထိုပြည်နယ်ကျန်းမာရေးဦးစီးဌာနက ယမန်နေ့ညပိုင်းက ပြောကြားသည်။ ထိုပြည်နယ်မြို့တော် ကရာချိတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအဆိုးရွားဆုံးဒေသဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၂၇၇ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု သိရသည်။

 

နိုင်ငံမြို့တော်အစ္စလာမာဘတ်မြို့တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၁ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ညပိုင်းက ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို