အောက်တိုဘာ ၁၇
ပါကစ္စတန်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွားလျက်ရှိရာ ထိုရောဂါကူးစက်မှုကြောင့် လူတစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း ဆင်းဒ်ပြည်နယ်ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ပြောကြားသည်။
ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူသည် နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်မှဖြစ်သည်ဟု ထိုဦးစီးဌာန၏ ပြောကြားချက်အရ သိရသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ဆင်းဒ်ပြည်နယ်တွင် ထိုရောဂါကူးစက်သူ ၃၂၅ ဦး ရှိကြောင်းနှင့် ထိုပြည်နယ်မြို့တော် ကရာချိတွင် ထိုရောဂါကူးစက်မှုအဆိုးရွားဆုံးဖြစ်ပြီး ရောဂါကူးစက်သူ ၂၂၂ ဦး ရှိကြောင်း သတင်းဖော်ပြထားသည်။
ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်းတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ၄၉၆ ဦး ထပ်မံတွေ့ရှိကြောင်း ထိုပြည်နယ်ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။
နိုင်ငံမြို့တော် အစ္စလာမာဘတ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်သူ ၁၀၃ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။ ထိုမြို့တော်တွင် ယခုနှစ်အတွင်း ထိုရောဂါကူးစက်ခံရသူ ၃၇၂၄ ဦး အထိ မြင့်တက်လာသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို