အစ္စလာမ္မာဘတ် အောက်တိုဘာ ၂၅
ပါကစ္စတန်နိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု မြင့်တက်ခြင်းနှင့် ရင်ဆိုင်နေရပြီး လွန်ခဲ့သည့်တစ်ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ နှစ်ဦးရှိခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူနှစ်ဦးစလုံးသည် ပန်ဂျပ်ပြည်နယ် အရှေ့ပိုင်းမှဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနမှ အာဏာပိုင်များက ပြောကြားသည်။
လွန်ခဲ့သည့် တစ်ရက်အတွင်းက ပန်ဂျပ်ပြည်နယ်၌ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၂၉၈ ဦး၊ လာဟိုးမြို့၌ ၁၄၃ ဦး၊ ရာဝယ်ပင်ဒီမြို့၌ ၅၂ ဦး အသီးသီးရှိကြောင်းနှင့် ပန်ဂျပ်ပြည်နယ်သည် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ကာ လက်ရှိအချိန်အထိ ဖြစ်ပွားသူပေါင်း ၁၂၉၇၄ ဦးရှိကြောင်း သိရသည်။
မြို့တော်အစ္စလာမ္မာဘတ်၌ လွန်ခဲ့သည့် တစ်ရက်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၂၆ ဦးရှိခဲ့ကာ လက်ရှိ အချိန်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူအရေအတွက် ၄၃၇၂ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်