ဖေဖော်ဝါရီ ၈

ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ဂီလ်ဂစ်-ဘာလ်တီစတန်(ဂျီဘီ)ဒေသတွင် ခရီးသည်တင်ဘတ်စ်တစ်စီးနှင့် အိမ်စီးကားတစ်စီးတို့တိုက်မိသဖြင့် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတာဝနရှိသူများနှင့် ရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။

အဆိုပါယာဉ်မတော်တဆမှုသည် ကိုဟစ်စတန်ခရိုင်ရှိ ချာတရယ်လ်စစ်ဆေးရေးဂိတ်အနီးတွင် အရှိန်လွန်မောင်းနှင်လာသော ဘတ်စ်တစ်စီးနှင့် အိမ်စီးကားတစ်စီးတို့တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ထိုဂျီဘီပြည်နယ်ပြန်ကြားရေး ဝန်ကြီး ဖိတ်ဟူလာခန်က မီဒီယာကို ပြောကြားသည်။

ထိုယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ခရီးသည် ၄၅ ဦးထက်မနည်းလိုက်ပါလာသောဘတ်စ်ကားနှင့်အိမ်စီးကားတို့သည် လျှိုမြောင်အတွင်းသို့ ထိုးကျသွားခဲ့သည်ဟု သိရသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် ထိုမတော်တဆမှုဖြစ်ပွားရာနေရာသို့အမြန်ဆုံးရောက်ရှိလာပြီး ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

ပါကစ္စတန်နိုင်ငံတွင် ယာဉ်မောင်းနှင်မှုကျွမ်းကျင်မှုမရှိခြင်း၊ ယာဉ်များကြံ့ခိုင်မှုမရှိခြင်းနှင့် လမ်းများကောင်းမွန်မှု မရှိခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို