အစ္စလာမ္မာဘတ်  ဇွန်   ၂၉

ပါကစ္စတန်နိုင်ငံတစ်ဝန်း မုတ်သုံရာသီစတင်ချိန် ဇွန်  ၂၆  ရက်မှ စတင်၍ မိုးရွာသွန်းမှုနှင့် ဆက်စပ် သည့် မတော်တဆမှုများကြောင့် သေဆုံးသူ  ၃၈  ဦးရှိပြီး  ၆၃  ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုအာဏာပိုင်အဖွဲ့  (အင်န်ဒီ အမ်အေ)က ထုတ်ပြန်သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေ ၇၈ လုံး ပျက်စီးပြီး တိရစ္ဆာန်ကောင်ရေ ၃၀ လည်း ဆုံးရှုံးခဲ့ကြောင်း   အဆိုပါအဖွဲ့၏  ဇွန် ၂၈ ရက် ညပိုင်းက ထုတ်ပြန်သော ကြေညာချက်တွင်   ဖော်ပြ သည်။

ပါကစ္စတန် အနောက်မြောက် ပိုင်း ခိုင်ဘာပတ်တွန်ခွာပြည်နယ်တွင် အဆိုးရွားဆုံးဖြစ်ပြီး သေဆုံး သူ  ၁၉ ဦး၊ ဒဏ်ရာရရှိသူ  ၄၁  ဦး ရှိကာ ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်းတွင် သေဆုံးသူ ၁၂ ဦး၊  ဒဏ်ရာရရှိ သူ ခြောက်ဦးရှိခဲ့ကြောင်း၊ သေဆုံးမှုဖြစ်စဉ်အများစုသည် အမိုးပြိုကျခြင်းနှင့်  ရုတ်တရက်ရေကြီး ခြင်းတို့ကြောင့် အသက်အိုးအိမ်နှင့်  အခြေခံအဆောက်အအုံများ ဆုံးရှုံးခဲ့ကြောင်း    ထုတ်ပြန်ထား သည်။

အင်န်ဒီအမ်အေ၏ အမျိုးသားအရေးပေါ်ကယ်ဆယ်ရေး   ဗဟိုဌာနသည် ဇွန် ၃၀ ရက်နှင့်     ဇူလိုင်  ၁ ရက်တို့တွင် နိုင်ငံအနှံ့ မိုးသက်လေပြင်းနှင့်  မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နိုင်သဖြင့်   မိုးလေဝသ ဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ထားသည်။

ဆင်ဟွာ