ဩဂုတ် ၂၃

 

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ် ခါပါခရိုင်တွင် ယမန်နေ့က ဘာသာရေးအဆောက်အဦတစ်လုံး၏ ခေါင်မိုးပြိုကျမှု ဖြစ်ပွားပြီးနောက် လူခုနစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး  အခြား ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း မီဒီယာက ဖော်ပြထားသည်။

 

အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့မနက်အစောပိုင်းက ထိုခရိုင်၏ အာမတ်ပါဒေသတွင် ယင်းမတော်တဆမှုဖြစ်ပွားခဲ့ကာ အမျိုးသမီးနှင့် ကလေးများအပါအဝင် လူပေါင်း ၁၀၀ ကျော် အပျက်အစီးများ အောက်တွင် ပိတ်မိနေခဲ့သည်။

 

ထိုမတော်တဆဖြစ်မှုအတွင်း ထိခိုက်သေဆုံးသူများသည် ယင်းဘာသာရေးအဆောက်အဦအတွင်း အိပ်ပျော်နေသူများ ဖြစ်ပြီး ၎င်းတို့နေအိမ်များတွင် ရေကြီးရေလျှံမှုကြောင့် ထိုအဆောက်အဦတွင် လာရောက်ခိုလှုံနေသူများဖြစ်သည်ဟု ကယ်ဆယ်ရေးတာဝန်ရှိသူများက ဆိုသည်။

 

ကယ်ဆယ်ရေးအဖွဲ့များက မတော်တဆမှုဖြစ်ပွားရာနေရာသို့ရောက်ရှိလာပြီး ဒဏ်ရာရသူများကို ဒေသန္တရဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူများကပြောကြားသည်။

 

ယင်းဒေသတွင် လွန်ခဲ့သောလေးရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မတော်တဆမှု အများအပြားဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို