နိုဝင်ဘာ ၁၈
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် ယမန်နေ့ညပိုင်းက ခရီးသည်တင်ဗင်ကားတစ်စီး ရေမြောင်းအတွင်းထိုးကျခဲ့သဖြင့် လူ ၂၀ သေဆုံပြီး အခြား ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါခရီးသည်တင်ဗင်ကားသည် ထိုပြည်နယ် ဆီဝန်ဒေသရှိ အဝေးပြေးလမ်းမကြီးဘေး တူးမြောင်းအတွင်း ထိုးကျခဲ့ခြင်းဖြစ်သည်။
ထိုဒေသတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေစဉ်အတွင်း ၎င်းအဝေးပြေးလမ်းအသုံးပြုခွင့်ပိတ်ထားခဲ့သော်လည်း ရေကြီးရေလျှံမှုလျော့ကျခဲ့ပြီးနောက်ပိုင်း မကြာသေးမီကပင် ပြန်လည်အသုံးပြုခွင့်ပေးခဲ့သည်ဟု အာဏာပိုင်များကဆိုသည်။
ရဲတပ်ဖွဲ့က ယင်းအဝေးပြေးလမ်းမတော်တဆမှုဖြစ်ပွားရာနေရာတွင် လမ်းလွှဲတစ်ခုဖြင့်ကန့်သတ်ထားသော်လည်း ယာဉ်မောင်းဖြစ်သူသည် အရှိန်လွန်မောင်းနှင်မှုကြောင့် ထိုအတားအဆီးများကို သတိပြုမိခြင်းမရှိကြောင်း ပြောကြားသည်။
ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ အမျိုးသမီးများနှင့်ကလေးများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ၎င်းတို့အနက် လူတော်တော်များများမှာ အခြေအနေစိုးရိမ်ရကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို