စက်တင်ဘာ ၁
ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး အခြားသော မိုးနှင့်ဆက်စပ်သည့်မတော်တဆမှုများဖြစ်ပွားခဲ့သဖြင့် ၂၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၈၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအာဏာပိုင်များ (အင်န်ဒီအမ်အေ )က ပြောကြားသည်။
နိုင်ငံတောင်ပိုင်း ဆင်းဒ်ရှ်ပြည်နယ်သည် ရေဘေးသင့်အဆိုးရွားဆုံးခံရသော ဒေသဖြစ်ပြီး ၁၅ ဦးသေဆုံးပြီး အခြား ၂၇ ဒဏ်ရာရရှိခဲ့သည်ဟု အင်န်ဒီအမ်အေ၏ ယမန်နေ့ညနေပိုင်းက သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ရေကြီးရေလျှံမှုကြောင့် နေအိမ် ၆၉၄၃၈ လုံး ပျက်စီးခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။
ပါကစ္စတန်နိုင်ငံတွင် ဇွန်လလယ်ပိုင်းမှစတင်ကာ ရွာသွန်းခဲ့သောမိုးကြောင့် ၁၁၉၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၆၄၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အင်န်ဒီအမ်အေက ဆိုသည်။
နိုင်ငံတစ်ဝန်းတွင် ရေကြီးရေလျှံမှုစတင်ဖြစ်ပွားချိန်မှယခုချိန်အထိ လူပေါင်း ၁၁၈၂၄၇ ဦးကို ကယ်ဆယ်ပြီးဖြစ်ကြောင်း၊ ရေလွှမ်းမိုးခြင်းခံရသော ခရိုင်ပေါင်း ၈၀ အထိရှိလာကြောင်း၊ နေအိမ် ၁၁၀၆၃၅၉ လုံး၊ တံတား ၂၄၃ စင်း၊ ဈေးဆိုင် ၁၇၃ ဆိုင် ပျက်စီးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၇၃၁၈၁၈ ကောင် သေဆုံးခဲ့ကြောင်း အင်န်ဒီအမ်အေက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို