၁၀ ဩဂုတ်
ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့်သုံးရက်အတွင်း မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးနှင့်ဆက်စပ်သော ဖြစ်ရပ်များ ဖြစ်ပွားမှုနှင့် ရေကြီးမှုတို့ကြောင့် လူ ၆၄ ဦး ထက်မနည်းသေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့(NDMA)က ယမန်နေ့ညနေပိုင်းက ပြောကြားခဲ့သည်။
နိုင်ငံမြောက်ပိုင်းမှတောင်ပိုင်းအထိ မိုးနှင့်ဆက်စပ်သောဖြစ်ရပ်များကြောင့် အမျိုးသမီးကိုးဦးနှင့် ကလေး ၁၉ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု NDMA သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရေကြီးမှုကြောင့် ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်နှင့် အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တို့တွင် လူ ရှစ်ဦးစီနှင့် တောင်ပိုင်း ဆင်းဒ်တွင် ၁၂ ဦး၊ အနောက်မြောက်ပိုင်း ကီဘာ ပါခ်ထန်ခဝါ ဒေသတွင် အဆိုးရွားဆုံးထိခိုက်ခဲ့ပြီး လူ ၂၅ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။နိုင်ငံမြောက်ပိုင်း ဂျီလ်ဂစ်-ဘလ်တီစတန်ဒေသတွင် ၁၀ ဦး ထက်မနည်း သေဆုံးခဲ့သည်။
ကီဘာ ပါခ်ထန်ခဝါတွင် တံတားတစ်စင်းနှင့် ဘာလိုချီစတန်တွင် တံတားသုံးစင်းတို့ ထိုရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားခဲ့ရာ ကျေးရွာ ရာပေါင်းများစွာနှင့်လမ်းဆက်သွယ်မှုများ ပြတ်တောက်သွားကြောင်းနှင့် နေအိမ်အလုံးပေါင်း ၃၀၀ ကျော်ပျက်စီးခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တပ်အင်ဂျီနီယာ စက်လှေများနှင့် စစ်တပ်ဆေးဘက်ဆိုင်ရာအဖွဲ့များသည် သောင်တင်နေသူများကို ဘေးကင်းရာနေရာများသို့ ကယ်ဆယ်ပေးခဲ့ကြသည်။ဆေးဘက်ဆိုင်ရာ ကုသရေးစခန်းများ တည်ဆောက်ပြီး လိုအပ်သည့် ဆေးကုသမှုများ လုပ်ဆောင်ပေးကြသည်။ ရေဘေးဒဏ်သင့်သူများကို ပူနွေးသောစားသောက်ဖွယ်ရာများ ကျွေးမွေးခဲ့ကြသည်။
မုတ်သုံမိုးရွားသွန်းမှုကြောင့် အရှေ့ပိုင်း လာဟိုးမြို့နှင့် တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သော ကရာချိမြို့အပါအဝင် အဓိကမြို့ကြီးများလည်းရေလွှမ်းမိုးမှုခံခဲ့ရပြီး စီးပွားရေးမြို့ကြီးနှစ်မြို့၏နေ့စဉ်ဘဝကို များစွာဖျက်ဆီးခံခဲ့ရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို