အစ္စလာမာဘတ် နိုဝင်ဘာ ၁

 

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် တာလီဘန်အစိုးရတို့က အောက်တိုဘာလအတွင်း နယ်စပ်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ၎င်းတို့ချမှတ်ထားသည့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန်နှင့် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် ယမန်နေ့က သဘောတူညီခဲ့ကြသည်။

 

တူကီယဲနှင့် ကာတာနိုင်ငံတို့က စေ့စပ်ဖျန်ဖြေပေးခဲ့ရာ နှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြခြင်းဖြစ်သည်။

 

နိုဝင်ဘာ ၆ ရက်တွင် အစ္စတန်ဘူလ်မြို့တော်၌ နောက်ထပ်ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း တူကီယဲနိုင်ငံ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာရှ် မူဂျာဟစ်က အလားတူကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်နှင့် တာလီဘန်တပ်ဖွဲ့များကြား ရက်အတန်ကြာ အကြမ်းဖက်မှုမျာပြင်းထန်ခဲ့ပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

 

ပါကစ္စတန်တပ်မတော်က ၎င်း၏တပ်ဖွဲ့ဝင်များသည် အကြမ်းဖက်ဝါဒကို တိုက်ဖျက်နေခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။

 

အောက်တိုဘာ ၁၉ ရက်တွင်   အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်သဘောတူခဲ့ကြသော်လည်း ၎င်းတို့၏ အဓိကတောင်းဆိုချက်များကို သဘောတူညီခြင်းမရှိသည့်အတွက် ယခုသီတင်းပတ်အစောပိုင်းတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြားသွားခဲ့သည်။

 

ပါကစ္စတန်က တာလီဘန်များအား အစွန်းရောက်များအပေါ် ပြတ်ပြတ်သားသား အရေးယူစေလိုပြီး တာလီဘန်တို့ကလည်း ပါကစ္စတန်၏ ဝေဟင်ပိုင်နက် ချိုးဖောက်မှုကို အဆုံးသတ်ရန် တောင်းဆိုလျက်ရှိသည်။

 

လာမည့်အစည်းအဝေးတွင် နှစ်ဖက်တောင်းဆိုမှုများ ရရှိရန်နှင့် တင်းမာမှုများ လျော့ကျမည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရ မည်ဖြစ်သည်။                                

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်