၃ ဖေဖော်ဝါရီ
ပါကစ္စတန်ဝန်ကြီးချုပ် အီမာရန်ခန်းသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးစားမှု တစ်စိတ်တစ်ပိုင်း အနေဖြင့် တရုတ်နိုင်ငံမှ လှူဒါန်းသော ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံမှုကို ယမန်နေ့က စတင်လုပ်ဆောင်ခဲ့သည်။
ပေကျင်းမှ Sinopharm ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်သည် ပါကစ္စတန် အထူးလေယာဉ်ဖြင့် တနင်္လာနေ့ အစောပိုင်းက ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။
ခန်းသည် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးကို ၎င်းနေအိမ်မှာပင် စတင်ထိုးနှံခဲ့ပြီး ပါကစ္စတန် နိုင်ငံသို့ ကာကွယ်ဆေးများ လှူဒါန်းပေးသည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ထိုကာကွယ်ဆေးများကို ရှေ့တန်းမှ လုပ်ဆောင်နေသည့် ကျန်းမာရေး လုပ်သားများအား ဦးစားပေး ထိုးနှံမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ပြည်သူများ အနေဖြင့် ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကို လိုက်နာရန်၊ ရောဂါကူးစက်မှုမှ ကင်းဝေးစေရန် နှာခေါင်းစည်း ဝတ်ဆင်ရန်နှင့် နိုင်ငံ၏ လူမှုစီးပွားရေး လှုပ်ရှားမှုများ ပြန်လည် စတင်ရေး ကူညီလုပ်ဆောင်ကြရန်လည်း ၎င်းက တိုက်တွန်း ပြောကြားသွားသည်။
ပါကစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၅၄၇၀၀၀ ကျော်ရှိပြီး ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၁၇၄၆ ဦး ရှိကြောင်း အစိုးရ၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို