ရေစကြို ၁၀ မတ်  

 


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နန်းဦးကျေးရွာအုပ်စု  ကူနီကျေးရွာတွင် ပခန်းကိုကြီးကျော်နတ်ပွဲ (ခေါ်) ကူနီရိုးရာပွဲတော် ကျင်းပလျက်ရှိရာ ဈေးပွဲတော်တွင် ရှင်မတောင်ဒေသထွက် သနပ်ခါးများ ရောင်းအားကောင်းမွန်နေကြောင်း သိရသည်။

 

aa

 

အဆိုပါပွဲတော်အား နှစ်စဉ်နှစ်တိုင်း ဈေးပွဲတော်နှင့်အတူ ကျင်းပလာခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ဈေးသည်များနှင့် ရေစကြိုမြို့နယ် ပေါက်မြို့၊ မြိုင်မြို့၊ ရေစကြိုမြို့နယ်များမှ ဒေသထွက် ရှင်မတောင်သနပ်ခါးအား ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများနှင့် ဒေသထွက် ရှင်မတောင်သနပ်ခါး စစ်စစ်များသာ ရောင်းချကြကြောင်း သနပ်ခါးစိုက်တောင်သူ ဦးမြင့်အောင်က ပြောပြသည်။

dd


အနယ်နယ်အရပ်ရပ်မှ လာရောက်သူ အလွန်များပြားပြီး ပွဲဈေးတန်းတွင် ရှင်မတောင်သနပ်ခါးတန်း နှစ်တန်းပါဝင်ရောင်းချရာ  သနပ်ခါးဆိုင်တစ်ဆိုင်အနေဖြင့် တစ်ရက်လျှင် တစ်သိန်းကျော်ဖိုး ရောင်းချရကြောင်း၊ ရှင်မတောင်ဒေသထွက် သနပ်ခါးသည် အပွေးအခေါက်မာခြင်း၊ သွေးလိမ်းရာတွင် ညက်ညောခြင်း၊ သင်းပျံ့သည့် ရနံ့ရှိခြင်းနှင့် ရှင်မတောင်ဒေသထွက် သနပ်ခါးစစ်လျှင် အခေါက်နှင့်အသား အချိန်ကြာကြာထားသော်လည်း ကွာမသွားခြင်း စသည့် သနပ်ခါး အရည်အသွေးများရှိကြောင်း၊ ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့မှ ဒေသထွက်သနပ်ခါးပင် စိုက်ပျိုးရာတွင် စိုက်ပျိုးသည့် မြေအမျိုးအစားပေါ်မူတည်ပြီး အရောင်ပြောင်းလဲမှုရှိသော်လည်း သနပ်ခါးအရည်အသွေးမှာ အတူတူပင်ဖြစ်ကြောင်း၊ ရှင်မတောင်ဒေသထွက် သနပ်ခါးပင်များ ခုတ်ယူရာတွင် ခုနစ်နှစ်ကျော်လျှင် ရောင်းတန်းဝင်ပြီး ဆယ်နှစ်ကျော် သနပ်ခါးပင်တစ်ပင်လျှင် အရည်အသွေး ပြောစရာမလိုအောင် ကောင်းမွန်ကြောင်း ရေစကြိုမြို့နယ် တောင်ဦးအုပ်စု မြေမလှကျေးရွာ သနပ်ခါးစိုက်ပျိုး ထုတ်လုပ်ရောင်းချသည့် ဦးမြင့်အောင်က ရှင်းပြသည်။ 
ရောင်းချရာတွင် အရှည်သုံးပေနှင့် လုံးပတ် သုံးလက်မပတ်လည် သနပ်ခါးတစ်တုံးလျှင် ၇၅၀ဝ ကျပ်ဖြင့် ရောင်းချပြီး အရှည် လက်တမိုက် (၆ လက်မ)နှင့် လုံးပတ် သုံးလက်မပတ်လည် သနပ်ခါးတစ်တုံးလျှင် ၂၅၀ဝ ကျပ် ရောင်းချရကြောင်း သိရသည်။

 

dd

 

ပွဲတော်အား တပေါင်းလဆန်း တစ်ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ၁၅ ရက်ကြာကျင်းပပြီး တပေါင်းလဆန်း ၃ ရက်တွင် ချိုးရေတော်သုံးခြင်း၊ တပေါင်းလဆန်း ၅ ရက်တွင် နတ်ဒိုးခစားခြင်း၊ တပေါင်းလဆန်း ၉ ရက်တွင် ကြက်တိုက်ခြင်း၊ တပေါင်းလဆန်း ၁၃ ရက်တွင် မယ်တော်လှည့်လည်ပွဲ ကျင်းပခြင်းများ ပြုလုပ်လေ့ရှိကြောင်း ကူနီကျေးရွာ ရှေ့မီနောက်မီ ဦးသန့်ဇင်မှ ပြောပြသည်။

 


မောင်မောင်ထိန်(ကျောက်ပန်းတောင်း)