ဆိပ်ဖြူ ၊ ၅ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်နှင့် ပခုက္ကူမြို့နယ်သို့ အချိန်မှန်ပြေးဆွဲပေးသည့် ပခုက္ကူ-ဆိပ်ဖြူ RBE လူစီးရထားခရီးစဉ်များကို ဖေဖော်ဝါရီလ ၅ရက် နံနက်မှစတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ဆိပ်ဖြူ ဘူတာမှ သိရသည်။
မြန်မာ့မီးရထား တိုင်းအမှတ်(၁၀) ပခုက္ကူက ပခုက္ကူ -ဆိပ်ဖြူ RBE လူစီးရထားခရီးစဉ်များကို ကိုဗစ်(၁၉)ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရန် လူစီးရထား ခရီးစဉ်များကို ရပ်နားထားခဲ့ရာမှ ရထားဖြင့် ခရီးသွားပြည်သူအများ သွားလာမှု အဆင်ပြေချောမွေ့စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်(၁၉)ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲပေးခြင်းဖြစ်ကြောင်း ၊ ပခုက္ကူ -ဆိပ်ဖြူ RBE လူစီးရထားကို ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများနှင့် ပခုက္ကူ မြို့နယ်အတွင်းမှ ကျွန်းချောင်း ၊မြစ်ခြေ ၊အရာတော်၊ တန့်ကြည့် အစရှိသော ကျေးရွာများမှ ဒေသခံပြည်သူများက ပခုက္ကူမြို့နှင့် ဆိပ်ဖြူမြို့တို့မှတစ်ဆင့် မိမိလိုရာခရီးဆက်၍ သွားလာမှုအဆင်ပြေစေရန် အသုံးပြု စီးနင်းကြ ကြောင်း ၊ ယနေ့ ပခုက္ကူ -ဆိပ်ဖြူ RBE လူစီးရထားခရီးစဉ်ကို မြန်မာ့မီးရထား တိုင်းအမှတ်(၁၀) ပခုက္ကူက ဦးအောင်ဇော်ဦး (မြန်မာ့မီးရထား သွား/လာ)မှ ကြီးကြပ်ရေးမှူး ကိုယ်တိုင်လိုက်ပါကြီးကြပ်၍ စတင်ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
ခရီးသွားပြည်သူများအနေဖြင့် ရထားစီနင်းရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များအတိုင်း ကိုယ် အပူချိန် တိုင်းတာခြင်း ၊စနစ်တကျ လက်ဆေးခြင်း ၊Mask နှာခေါင်းစည်များတပ်ဆင်၍ ထိုင်ခုံတစ်ခုလျှင် တစ်ဦးကျစီ လိုက်ပါစီးနင်းရမည်ဖြစ်ကြောင်း ၊ရထားခရီးစဉ်များကို ယခင်အချိန်အတိုင်းပြေးဆွဲသွာမည်ဖြစ်ပြီး ပခုက္ကူမြို့မှ ပခုက္ကူ -ဆိပ်ဖြူ RBE လူစီးရထားထွက်ချိန် နံနက် ၅နာရီခွဲအချိန်ဖြစ်ပြီး ၊ဆိပ်ဖြူမြို့မှ ဆိပ်ဖြူ - ပခုက္ကူ ရထားခရီစဉ် ရထားထွက်ချိန် မွန်းလွဲ ၂နာရီ ဖြစ်ကြောင်း ၊ ဆိပ်ဖြူ - ပခုက္ကူ ရထားခရီးစဉ်အတွက်ကျသင့်ငွေ လူတစ်ဦးလျှင် ငွေကျပ် (၈၅၀)ဖြင့် ပြေးဆွဲပေးခြင်းဖြစ်ကြောင်း ဆိပ်ဖြူ ရုံပိုင်ကြီး ဦးသန်းဇော်ဝင်းက ပြောသည်။
စိုးလင်းနိုင်(IPRD)


