ပခုက္ကူ ၇  ဩဂုတ် 

 

ပခုက္ကူ-ကျွန်းချောင်း မီးရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်ခဲ့သည့် တောင်သူများအား မြေယာလျော်ကြေးငွေ ပေးအပ်ပွဲကို ဩဂုတ် ၆ ရက် နံနက် ၁၀ နာရီက ပခုက္ကူမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းနှင့် ပခုက္ကူမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က အမှာစကား ပြောကြားပြီး မြန်မာ့မီးရထားဌာန၊ အင်ဂျင်နီယာမှူး (မြို့ပြ) ဦးမင်းသိန်းစိုးက မြေယာလျော်ကြေးငွေ ပေးအပ်ရသည့်အကြောင်း၊ ပေးအပ်မည့် မြေဧကပေါင်းစာရင်း၊ လျော်ကြေးငွေ ပမာဏတို့ကိုရှင်းလင်း ပြောကြားသည်။

 

ထို့နောက် မြန်မာ့မီးရထားဌာန၊အင်ဂျင်နီယာ(မြို့ပြ) တိုင်းအမှတ်(၁၀) ပခုက္ကူနယ်မြေ၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကျွန်း ချောင်းရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်ခဲ့သည့် ရှင်မကန်၊ ညောင်ပင်၊သရက်တောနှင့် ဖလံအိုကျေးရွာ စသည့်ကျေးရွာ(၄)ရွာမှ တောင်သူ ဦးရေ(၆၄)ဦး၏ ဦးပိုင်နေရာစုစုပေါင်း(၆၉)ခု၊ မြေဧရိယာ ပေါင်း(၄၃ ဒသမ ၁၀) ဧကအတွက် မြေယာလျော်ကြေးငွေ စုစုပေါင်းငွေကျပ် (၆၄၆) သိန်းကျော်ကို တာဝန်ရှိသူများက အသီးသီးပေးအပ်ရာ တောင်သူများကိုယ်စား ဖလံအိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက မြေယာလျော်ကြေးငွေပြန်လည်ရရှိခြင်းကြောင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့အပြင် မြန်မာ့မီးရထားဌာန၊ တိုင်းအမှတ်(၁၀) ပခုက္ကူနယ်မြေ၊ ကြံခင်-ပခုက္ကူ ရထားလမ်း ဖောက်လုပ်စဉ် ပခုက္ကူ-ကျွန်းချောင်းရထားလမ်းပိုင်းတွင် မြေပါဝင်ခဲ့သည့် ကျေးရွာ(၁၅)မှ တောင်သူ (၂၄၁)ဦး၏ စုစုပေါင်းမြေ (၂၁၃ ဒသမ ၃၈)ဧက အတွက် မြေတစ်ဧကလျှင် လျော်ကြေးငွေကျပ် (၁၅) သိန်းနှုန်းဖြင့် မြေယာလျော်ကြေး စုစုပေါင်းငွေကျပ်သန်း (၃၂၀)ကျော် ပေးချေပြီး ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)