ပခုက္ကူ ၊ ၂၅ ဒီဇင်ဘာ
ဒေသကိုက်ညီမည့် ဝါမျိုးစေ့ရွေးချယ်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့်ကျေးရွာသုံးရွာမှ တောင်သူများ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၅ ရက် နံနက် ၉ နာရီက ပခုက္ကူမြို့နယ် ထန်းတပင်ကျေးရွာ တောင်သူ ဦးအောင်သန်း၏ ဝါ(၅)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်၌ ကျင်းပသည်။
ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်တောင်သူဦးအောင်သန်းတို့ပူးပေါင်း၍ မိုးနှောင်း ချည်မျှင်ရှည်ဝါ (၅)မျိုး ဖြစ်သည့် ရွှေတောင်-၈၊ ရွှေတောင်-၁၀၊ ငွေချည်-၆၊ ငွေချည်-၉ နှင့် ငွေချည်-၁၁ တို့ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၆ ရက်နေ့တွင် ယှဉ်ပြိုင်စမ်းသပ်ကွက်စိုက်ပျိုးခဲ့သည်။
ဝါ(၅)မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးမှုနှင့် အခြားတောင်သူများ မျိုးအသီးသီးဖြန့်ခွဲစိုက်ပျိုးမှုအခြေအနေအရ ထန်းတပင်၊ ဇောင်ဂျမ်းကုန်းရေလာလေးကျေးရွာများမှ ဝါစိုက်တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးတို့ တွေ့ဆုံ ဆွေးနွေးကြရာ ရွှေတောင်-၁၀ ချည်မျှင်ရှည်ဝါမျိုးမှာ ပခုက္ကူဒေသနှင့် ကိုက်ညီကြောင်း တက်ရောက်လာသည့် တောင်သူအများစုက ရွေးချယ်သတ်မှတ်ကြသည်။
ပခုက္ကူမြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ ၃၇၃၃ ဧက စိုက်ပျိုးခဲ့ပြီး လက်ရှိဒေသပေါက်ဈေး မှာ တစ်ပိဿာ လျှင် ကျပ် ၁၅၀၀ ခန့်ရှိကြောင်း၊ မိုးရွာသွန်းမှုမှာ တစ်နှစ်ပတ်လုံး မိုးရေချိန် ၁၅ ဒသမ ၅၉ လက်မ သာ ရွာသွန်းခဲ့သဖြင့် ထွက်နှုန်းကျဆင်းခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းလွင်၏ ပြောပြချက်အရ သိရသည်။
ကိုဇော်(ပြန်/ဆက်)


