ပခုက္ကူ ၂၇ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး ပခုက္ကူဈေးကွက်သို့ ရေစကြိုမြို့နယ်ထွက် မိုးကြက်သွန် အမြောက်အများ ဝင်လာနေပြီဖြစ်ကြောင်း ပခုက္ကူကြက်သွန်ပွဲရုံများထံက သိရသည်။
ဆောင်းကြက်သွန်နီဈေးကွက် ဈေးအမြင့်ဆုံးရောက်နေချိန် မိုးကြက်နီများ အများအပြားဝင် ရောက်လာခြင်းကြောင့် ဆောင်းကြက်သွန်နီ တစ်ပိဿာဈေးနှုန်း ၂၇၀၀ ကျပ်ဈေးသာရှိတော့ကြောင်း ပခုက္ကူကြက်သွန်နီပွဲရုံ လုပ်ငန်းရှင်များထံမှ သိရသည်။ ရေစကြိုမြို့နယ် မိုးကြက်သွန်နီ စိုက်တောင်သူများသည် ဩဂုတ်လ၊ စက်တင်ဘာလအတွင်းက စိုက်ပျိုးထားသည့် မိုးကြက်သွန်နီများအား နှစ်လခွဲ၊ သုံးလအကြာတွင် တူးဖော်ရောင်းချကြကြောင်း ရေစကြိုမြို့နယ် ဗလဗကျေးရွာ မိုးကြက်သွန်နီစိုက် တောင်သူဦးဇော်ဝင်းမှ ပြောသည်။
မိုးကြက်သွန်နီတစ်ပိဿာ ပေါ်ခါစ ၂၁၀၀ ကျပ်ရှိရာမှ ငါးရက်အကြာတွင် တစ်ပိဿာ ၁၇၀၀ ကျပ်သာ ရှိတော့ကြောင်း၊ ရေစကြိုမြို့နယ်ထွက်ကြက်သွန်နီများ ပခုက္ကူဈေးကွက်သို့ တစ်ရက်လျှင် ပိဿာချိန် တစ်သောင်းကျော် ဝင်ရောက်လာနေကြောင်း မြနီလာပွဲရုံပိုင်ရှင် ဦးတင်ကိုမှပြောပြ၍ သိရကာ မိုးကြက်သွန်နီအား ဥပြန်စိုက်ကြက်သွန်ဟုလည်း ခေါ်ကြောင်း၊ ကြက်သွန်မျိုးစေ့ ဆောင်းကြက်သွန်စိုက်ရန် ပျိုးထောင်ချိန် အခင်းများသို့ရွေ့မစိုက်ဘဲ ပျိုးပင်များ ဥထည့်ချိန်တွင် နှုတ်ထားကာ မိုးကြက်သွန်နီလည်း ပြန်လည်စိုက်ပျိုးကြကြောင်း ဇော်မွှားဟု ဒေသအခေါ် ခေါ်ကြကြောင်း သိရသည်။
အလှူမင်္ဂလာပွဲများတွင် ဆောင်းကြက်သွန် (ခေါ်) လှောင်ကြက်သွန်ဖြင့်သာ ကြက်သွန်ကြော်၊ ငါးခြောက်ကြော် ကြော်ကြကြောင်း မိုးကြက်သွန်သည် ဖော်ပြီးချက်ခြင်းရောင်းချကြကြောင်း အပုပ်မြန်ခြင်း၊ လှောင်၍မရခြင်းများကြောင့် ဆောင်းကြက်သွန်မပေါ် မှီကြားခံအဖြစ် မတ်တပ်သုံး(ခေတ္တ)သုံးကြကြောင်း သိရကာ ဧရာတီမြစ်ရေကျချိန် မြေနုကျွန်းများနှင့် ကျွန်းမြေများ၊ ချင်းတွင်းမြစ် မြေနုကျွန်းများတွင် မိုးကြက်သွန်နီအမြောက်အများ စိုက်ပျိုးကြကြောင်း သိရသည်။
မောင်မောင်ထိန် (ကျောက်ပန်းတောင်း)