ပခုက္ကူ ၂၄   နိုဝင်ဘာ

 

ကိုဗစ်-၁၉ရောဂါကာလအတွင်း ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုများအကြား တွေ့ဆုံဆွေးနွေးခြင်း၊ ထိတွေ့ဆက်ဆံခြင်းများ နည်းပါးလာခြင်းကြောင့် ပြည်သူများအနေဖြင့် Online ကနေတစ်ဆင့် အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်ကာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပခုက္ကူ)တို့ ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Talk Show ပွဲအစီအစဉ်ကို နိုဝင်ဘာလ  ၂၃ရက် မွန်းလွဲပိုင်းက ခရိုင်ပြန်/ဆက်ရုံး၊ Community Centre ခန်းမ၌  ကျင်းပသည်။

 

ရှေးဦးစွာ  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး Talk Show ပွဲအစီအစဉ် ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ပခုက္ကူခရိုင်ပြန်/ဆက်ရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က ရှင်းလင်းပြောကြားပြီး ၂၀၂၀ပြည့်နှစ်၊ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအကြောင်း၊ ကိုဗစ်-၁၉ရောဂါကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းစင်းရေးဆောင်ရွက်မှုများ၊ မြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မောင်းနှင်သူများအား အရေးယူမှုဆောင်ရွက်ပေးသည့်အခြေအနေများကို မေးမြန်းရာ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပခုက္ကူ) တပ်ဖွဲ့စုမှူး၊ ဒုတိယရဲမှူး မိုးဝင်းထက်က အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။           

           

ထို့နောက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး Talk Show ဆွေးနွေးမှုတွေ အပေါ် ခရိုင်ပြန်/ဆက် ဦးစီးမှူး ဦးဇော်ဌေးအောင်က နိဂုံးချုပ်ပြန်လည်ဆွေးနွေးပြီး ဆွေးနွေးပွဲရုပ်သံကို ပခုက္ကူခရိုင် ပြန် / ဆက်ရုံး၏ တရားဝင် Facebook Page ဖြစ်သည့် IPRD Pakokku Facebook Page တွင် ထုတ်လွှင့် တင်ဆက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)