ပခုက္ကူ ၁၉ အောက်တိုဘာ
တပ်မတော်(ကြည်း/ရေ/လေ)မိသားစုမှ ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေသည့် လူနာများနှင့် ဆေးရုံဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို အောက်တိုဘာလ ၁၈ရက် မွန်းလွဲပိုင်းက အဆိုပါဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ပခုက္ကူ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေကြသော လူနာများနှင့် ဆေးရုံဝန်ထမ်းများအတွက် Faceshield (၂၀၀)၊ Surgical Mask (၄၀၀၀)၊ Goggle (၁၀)ခု၊ PPE (၁၀) ခု၊ ပဒုမ္မာဆပ်ပြာအတောင့် (၂၀၀)၊ Surgical Glove (၂၀၀၀)၊ နွားနို့ပိဿာ(၅၀)၊ ကြက်ဥ အလုံး(၂၀၀၀)၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စားသောက်ဖွယ်ရာပစ္စည်းများ၊ အဟာရကျွေးမွေးရန် အလှူငွေ သုံးသိန်း ကျပ်တို့ကို ပေးအပ်လှူဒါန်းရာ ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းနှင့် ဆေးရုံဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


