ပခုက္ကူ၊ ၂၄ ဒီဇင်ဘာ

စွယ်တော်မြတ်စေတီတော်လေးဆူကို တစ်နေရာတည်းက ဖူးမြော်ခွင့်ရမည့် နေရာတစ်ခုအား ပခုက္ကူမြို့နယ်တွင် တွေ့ရှိ ထားပြီး View Point တစ်ခု အကောင်အထည်ဖော်နိုင်ရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး DMO (Destination Management Organization) အဖွဲ့က ဆွေးနွေးနေကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

 

အဆိုပါနေရာမှာ ပခုက္ကူမြို့မှ မြစ်ချေထိ ၁၉မိုင်ခရီး၊ ထိုမှတစ်ဆင့် အရာတော်ရေနံမြေသို့ ၈ မိုင်ခန့်  စုစုပေါင်း ၂၇ မိုင်ခန့် ခရီးရှိပြီး အရာတော်ရေနံမြေ အရာရှိဧည့်ရိပ်သာဘေးရှိ တောင်ကုန်းလေးပေါ်တွင် တည်ရှိသည်။

 

ဒီနေရာလေးရှိနေတာကို ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်တဲ့ ခရိုင် DMO အစည်းအဝေးမှာ ဆွေးနွေးကြပါတယ်။ မြေကတော့ ဌာနဆိုင်ရာမြေ ဖြစ်နေတယ်။ ဒါပေမယ့် ယုံကြည်ကိုးကွယ်သူတွေနဲ့ ဒေသအကျိုးအတွက် တိုင်း DMO အဖွဲ့မှာ ဥက္ကဋ္ဌဖြစ်တဲ့ မကွေးတိုင်းဝန်ကြီးချုပ်ကို တင်ပြပါမယ်။ ဒေသက ဒီနေရာလေးကို View Point တစ်ခု ဖြစ်စေ ချင်နေကြတယ် ဟု မကွေးတိုင်းဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန  တိုင်းဦးစီးမှူး ဦးမြင့်စိန်က ရှင်းပြသည်။

 

Religious Tourism နှင့် Cultural Tourism (ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ) ခရီးသွားဒေသ တစ်ခုဖြစ် ပေါ်လာနိုင် သည့်အတွက် ပခုက္ကူ-ပုဂံ ကားရထားခရီးစဉ်နှင့် ဧရာဝတီမြစ်ကြောင်း Cruise Tour သင်္ဘောခရီးစဉ်ဖြစ်ပေါ်လာရေး အတွက်လည်း DMO အစည်းအဝေးများ ပြုလုပ်နေကြောင်း တိုင်းဦးစီးမှူး ဦးမြင့်စိန်ထံမှ သိရသည်။

 

ရွှေစည်းခုံ၊ တန့်ကြည်တောင်၊ လောကနန္ဒာနှင့် တုရင်တောင် စွယ်တော်မြတ်စေတီတော်များကို တစ်နေရာတည်းက ဖူးမြော်မြင်တွေ့နိုင်မည့် View Point နေရာလေးသာဖြစ်ပေါ်လာပါက ကိုဗစ်အလွန်ကာလတွင် ပခုက္ကူမြို့ပေါ်ရှိ ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ဒေသအနီးရှိ ကျေးရွာနေပြည်သူများအတွက် အလုပ်အကိုင်အခြေအနေကောင်း များလည်း ဖြစ်ထွန်းလာမည်ဟု ခရိုင် DMO အဖွဲ့က သုံးသပ်ဆွေးနွေးထားကြောင်း သိရသည်။

ဇေယျတု(မကွေး)