ပခုက္ကူ ဇန်နဝါရီ ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။
ဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ဆရာမကြီး ဒေါ်မိုးသန္တာဦးက ကျန်းမာရေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က “ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကျောင်းကျန်းမာရေးအကြောင်းတို့ကို လည်းကောင်း၊ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်အောင်က တိုင်းရင်းဆေးပညာနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သော အခြေခံအချက်အလက်များ၊ ရောဂါအမျိုးအစားများအလိုက် သဘာဝကုထုနည်းများဖြင့် ကျန်းမာရေးပြုစုစောင့်ရှောက်နည်းများနှင့် နေ့စဉ်ပြုမူနေထိုင်စားသောက်ရမည့် ကျန်းမာရေးဆိုင်ရာစည်းကမ်းချက်များအကြောင်းတို့ကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောကြသည်။
ယင်းနောက် ဟောပြောပွဲတက်ရောက်လာသည့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန(ခရိုင်ရုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာမများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၅)သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)