ပခုက္ကူ အောက်တိုဘာ ၂၈

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီခွဲက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

 

ဦးစွာ ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းဇော်က ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေဗဟုသုတများ လေ့လာသိရှိခြင်းဖြင့် ဗလငါးတန်ပြည့်စုံကြွယ်ဝလာစေရေး၊ အနာဂတ်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်မည့် ခေတ်ပညာတတ် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေးရည်ရွယ်၍ ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အောင်မြင်ရေးအကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေ(စာကြည့်တိုက်မှူး)က ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာသင့်သည့် စာပေအမျိုးအစားများ၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းတို့ကို ရှင်းလင်းဟောပြောကြသည်။

 

ဟောပြောပွဲတွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး မြန်မာ့ရိုးရာစကားပုံနှင့် စကားထာပြိုင်ပွဲများပြုလုပ်ကာ ဆုရရှိသူများကို စာရေးကိရိယာသုံးပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ဘာမီသာ(ပခုက္ကူ)