ပခုက္ကူ၊ ၁၀ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် လူနာများအတွက် သွေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် သွေးလှူရှင်အသင်းများ စုပေါင်းပြီး ဒီဇင်ဘာ ၁၀ ရက် နံနက် ၉ နာရီက အဆိုပါဆေးရုံ၊ အမျိုးသားသွေးလှူဘဏ်သို့ သွေးလုံးရေ(၈၀)ကျော် လှူဒါန်းကြကြောင်း သိရသည်။
“ကျွန်တော်တို့အသင်းအနေနဲ့ သွေးလုံးရေ ၁၈ လုံး လှူဒါန်းနိုင်ခဲ့ပါတယ်။ ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှု ခံယူနေတဲ့ လူနာတွေအတွက် တကယ်လို့ သွေးအသုံးပြုဖို့ လိုအပ်ခဲ့ရင် အဆင်သင့်ရှိစေနိုင်ဖို့အတွက် ရည်ရွယ် လှူဒါန်းကြတာပါ။ အခုလိုလှူဒါန်းခွင့်ရတာလည်း ဝမ်းသာကျေနပ်ပါတယ်။ အသင်းဖွဲ့တာ လေးနှစ်ပဲရှိသေးတယ် ဆိုပေမယ့် အသင်းသူ/သားတွေ စည်းလုံးကြတာကြာင့် အခုလိုစုပေါင်းသွေးလှူတာအပြင် အချို့နွေရာသီရေရှားတဲ့ ကျေးရွာတွေကိုလည်း သွားရောက်ပြီး သောက်သုံးရေတွေ လှူဒါန်းဖြစ်ကြပါတယ်” ဟု ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စု ရွာနောင်ကျေးရွာ သမဂ္ဂသုခကာရီ သွေးလှူရှင်အသင်း တာဝန်ခံ ကိုစိုးနိုင်က ပြောသည်။
သွေးများလှူဒါန်းမှုကို ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စု၊ ရွာနောင်ကျေးရွာမှ သမဂ္ဂသုခကာရီ သွေးလှူရှင်အသင်း၊ ရေစကြိုမြို့နယ်မှ မွန်မြတ်သွေးလှူရှင်အသင်း၊ ပုဂံ-မြင်းကမ္ဘာကျေးရွာမှ မြတ်စေတနာသွေးလှူရှင်အသင်း၊ ငါ့သရောက်မြို့မှ ကမသွေးလှူရှင်အသင်း စသည့် သွေးလှူရှင်အသင်း လေးသင်း စုပေါင်းပြီး သွေးလုံးရေ (၈၀) ကျော် လှူဒါန်းကြကြောင်း၊ အထွေထွေရောဂါကုဆေးရုံကြီးအနေဖြင့် လစဉ်ပုံမှန် သွေးလုံးရေ(၂၀၀)နှင့်အထက် လိုအပ်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း သွေးလုံးရေ(၂၈၅)လုံးအထိ အသုံးပြုခဲ့ကြောင်း ပခုက္ကူမြို့ အထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်မှ ဒေါက်တာစောမြတ်သွယ်၏ ပြောပြချက်အရ သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


