ပခုက္ကူ ၆ ဖေဖော်ဝါရီ
ပခုက္ကူမြို့ မဟာဝိဇယာ ရာမပါဠိတက္ကသိုလ်(အရှေ့တိုက်)၏ နှစ်(၁၀ဝ)ပြည့်အထိမ်းအမှတ် ပူဇော်ပွဲတော်ကို ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့တွင် စာသင်တိုက်ကြီးသုံးတိုက်ရှိသည့်အနက် မဟာဝိဇယာ ရာမပါဠိတက္ကသိုလ် (အရှေ့တိုက်)ကြီးသည် ပရိယတ္တိသာသနာ စာပေသင်ကြားပို့ချရာ စာသင်တိုက်ကြီးတစ်တိုက် ဖြစ်ပြီး ယင်းစာသင်တိုက်ကြီးကို မြန်မာသက္ကရာဇ် ၁၂၈၁ ခုနှစ် တပို့တွဲလပြည့်ကျော်(၅)ရက်နေ့တွင် မဟာဝိဇယာရာမပထမ အာဒိသမုဋ္ဌာပက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇဝန မဟာထေရ်မြတ်ကြီးက စာသင်တိုက်အား တည်ထောင်ခဲ့သည်။
ယခုအခါနိုင်ငံတော် ဩဝါဒစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနေမိန္ဒ သက်တော်ရှည် ဆရာတော်ဘုရားကြီးက စီမံအုပ်ချုပ်၍ စာသင်သံဃာ(၃၅၀)ကျော် ပရိယတ္တိစာပေများ ပို့ချလျက်ရှိသည်။
မဟာဝိဇယာ ရာမပါဠိတက္ကသိုလ် (အရှေ့တိုက်)ကြီး၏ နှစ်(၁၀ဝ)ပြည့်ပူဇော်ပွဲသဘင်ကို တပို့တွဲလပြည့်ကျော် (၃)ရက်နေ့တွင် အကြိုတရားပွဲ၊ တပို့တွဲလပြည့်ကျော်(၄)ရက်နေ့တွင် ပရိယတ္တိ သာသနာအရှည်တည်တံ့ရေး ဆွေးနွေးတိုင်ပင်ခြင်း၊ တပို့တွဲလပြည့်ကျော်(၅)ရက်တွင် မဟာထေရ်ကြီးများ ဩဝါဒခံယူခြင်းနှင့် တိုက်တည်ရာပြည့် ရေစက်ချအောင်ပွဲမင်္ဂလာကျင်းပခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရာပြည့်ပွဲတော် ကျင်းပရေးကော်မတီထံမှ သိရသည်။
ကိုတမာ(ပြန်/ဆက်)