ပခုက္ကူ မတ် ၂၁

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ် (၁၀) ရပ်ကွက်ရှိ မဟာဝိသုတာရာမ ပါဠိတက္ကသိုလ် (အလယ်တိုက်) ဆရာတော်ကြီးအား အဘိဓဇမဟာရဋ္ဌဂုရုဂုဏဝိသိဋ္ဌပူဇနိယမင်္ဂလာနှင့် သက်တော် (၈၁) နှစ် ဝိဇာတမင်္ဂလာပွဲကို မတ် ၂၀ ရက် နံနက် ၉နာရီက ကျင်းပသည်။

 

ဆက်ကပ်လှူဒါန်း 

 

အခမ်းအနားတွင် ပခုက္ကူမြို့ မဟာဝိသုတာရာမပါဠိတက္ကသိုလ် (အလယ်တိုက်) ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးအား နိုင်ငံတော်အစိုးရက ချီးမြှင့်ဆက်ကပ်သော အဘိဓဇမဟာရဋ္ဌ ဂုရုဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သန်းဝင်းတို့က လည်းကောင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များကလည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် တပည့်ဒါယကာ ဒါယိကာမများကိုယ်စား ပခုက္ကူမြို့ တိလောကဘုန်းတော်ကြီး သင်ပညာရေးကျောင်းနှင့် ပါရမီရိပ်သာတို့၏  ပဓာနနာယက ဘဒ္ဒန္တပညာဝံသ (အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) က ဂုဏဝိသိဋ္ဌပူဇ နိယဂါထာ ရွတ်ဖတ်ပူဇော်ခြင်း၊ မဟာဝိသုတာရာမ ပါဠိတက္ကသိုလ် (အလယ်တိုက်) ကြီး၏ အမှုဆောင်ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမျိုးမြင့်က ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားပြောကြားခြင်း၊ မဟာဝိသုတာရာမ ပါဠိတက္ကသိုလ် (အလယ်တိုက်) ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုခြင်း၊ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော် အပါး ၃၀၀ အား လှူဖွယ်ဝတ္ထုပစ္စည်းများကို မဲချစနစ်ဖြင့် လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဘာမီသာ(ပခုက္ကူ)