ပခုက္ကူ ဒီဇင်ဘာ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးမြင့်လွင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးက မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများအလိုက် ကိုယ်ပိုင်ရိုးရာဝတ်စား ဆင်ယင်မှုအဖြစ် ရှေးယခင်ကပင် ရပ်တည်လာခဲ့သည့် ဝတ်စားဆင်ယင်မှုများ ရေရည်တည်တံ့ခိုင်မြဲစွာ ထိန်းသိမ်းရပ်တည်နိုင်ရေးနှင့် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်တစ်ထည် စစ်စစ်ရရှိရေးအတွက် အချိန်ကြာမြင့်စွာ ရက်လုပ်ရပြီး တန်ဖိုးကြီးမားသောကြောင့် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းသည် တိုင်းရင်းသား ရိုးရာ ဂျပ်ခုတ်နည်းပညာ တိမ်ကောပပျောက်မှုမရှိစေရန်၊ မိမိတတ်ကျွမ်းထားသော ရက်ကန်းပညာရပ်နှင့် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်ထည်များ တီထွင်ဖန်တီးထုတ်လုပ်လာနိုင်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်နှင့် တစ်ပိုင်တစ်နိုင်မိသားစု အပိုဝင်ငွေရရှိစေရန်၊ မြန်မာ့လက်ရက်ထည်များ၊ တိုင်းရင်းသား ရိုးရာထည်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန် ရည်ရွယ်ချက်တို့ဖြင့် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမျိုးအောင် က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး ဆုရရှိသူသင်တန်းသူများကို ဆရာမများမှ ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ပြီး ၁၅-၁၁-၂၀၂၁ မှ ၁၄-၁-၂၀၂၁ နေ့ထိ စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


