ပခုက္ကူ ဧပြီ ၂
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ရာနှုန်းပြည့်ကပ်လှူခြင်းအောင်ပွဲ အထိမ်းအမှတ်ပွဲတော်များကို ဧပြီ ၁ ရက်က စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ဦးစွာ အခမ်းအနားတက်ရောက်လာသူများက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တ အရိယဝံသ (အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်အရှင်သူ မြတ်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ရာနှုန်းပြည့်ကပ်လှူခြင်း အောင်ပွဲအထိမ်းအမှတ်အဖြစ် ပင့်သံဃာတော် ၁၀၈ ပါးအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပခုက္ကူတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် သင်ကြား/ စီမံဌာနများ၊ ဘုရားကြီး ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုများ လောင်းလှူကြပြီး တက်ရောက်လာသူများအား စတုဒိသာဖြင့် ဧည့်ခံကျွေးမွေးကြသည်။
ဆက်လက်၍ သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းရာနှုန်းပြည့် ကပ်လှူခြင်းအောင်ပွဲ အထိမ်းအမှတ်အဖြစ် ဆယ့်နှစ်ပွဲဈေးသည်များ၏ ဈေးရောင်းပွဲတော်အတွင်း ဈေးဆိုင်ခန်းများအလိုက် ရောင်းချထားသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ မုန့်ဆိုင်တန်းများ၌ ဝယ်ယူအားပေးသူများ၊ ပျော်ပွဲရွှင်ပွဲနေရာများနှင့် အပျော်စီးယာဉ်များ၌ စိတ်အပန်းဖြေ ကစားကြသူများ၊ သီဟိုဠ်ရှင်ပြဇာတ်ရုံ၌ မန္တလေးအားမာန်သစ်ဇာတ်သဘင်အဖွဲ့၏ ဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးသူ ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့ပြင် ပခုက္ကူမြို့ အမှတ်(၄)ရပ်ကွက် ရိပ်သာလမ်းရှိ ပရိယတ္တိဗိမာန်(နှစ်ထပ်စာဖြေဆောင်)၌ ၂၀၂၆ ခုနှစ်ပါဠိပထမပြန်စာမေးပွဲ(စတုတ္ထနေ့)၌ ကြွရောက်ဖြေဆိုသည့် ရဟန်း၊ သာမဏေ၊ သီလရှင် အပါး ၅၂၀ အား ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်ဇနီး ဒေါ်နန်းစုစုစံတို့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


